သဲကုန်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင် ထွက်တိုင်း နှာခေါင်းစည်း (Mask) များ အခမဲ့တပ်ဆင်ပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ ပြန်/ဆက် ဦးစီးဌာနနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ စျေးသွား စျေးလာများ၊ ဆိုင်ကယ်၊ ဆိုက်ကားကယ်ရီများကို Mask(၁၀၀၀) အခမဲ့ဖြန့်ဝေပေးခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေးလှည့်လည် လှုံ့ဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ပညာပေးကာလကို ဇွန် ၁၈ ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ပညာပေးကာလကုန်ဆုံးပါက ကိုဗစ်-၁၉ စည်းမျဥ်းစည်းကမ်းများအား လိုက်နာခြင်းမရှိသူများကို တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရှိရသည်။