အုတ်ဖို ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ် ညွှန်ကြားမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက် လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များကို ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ယနေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးမျိုးမင်းထက်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဖများက Mask စနစ်တကျ တပ်ဆင်အသုံးပြုပုံ အသိပညာပေးပိုစတာများကို စာသင်ကျောင်း များနှင့် လူစည်ကားရာနေရာများတွင် လိုက်လံကပ်ထားကြော်ငြာခဲ့သည်။ အလားတူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာပါက ဆေးကုသ မှုခံယူ နားနေနိုင်ရန် မြို့နယ်ပြည်သူ့ဆေးရုံ နှစ်ထပ်ဆောင် အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်နှင့် တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ