မိုးညို ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၇ နာရီအချိန်က လူစည်ကားရာ နေရာများ၌ Mask ဖြန့်ဝေခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် လူစည်ကားရာလမ်းဆုံ၊ စည်ပင်သာယာမြို့မဈေးအတွင်းအပြင်တို့ တွင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာခြင်းမရှိသူများ၊ ဈေးသွား၊ ဈေးလာများအား စနစ်တကျ Mask နှာခေါင်း စည်းတပ်ဆင် သွားလာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး၊ နှာခေါင်းစည်း (၃၀၀)ခုနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွား၊ မပြန့်ပွားစေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း Mask (နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ပဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများ ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။
စန္ဒာလင်း