ဒေးဒရဲ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး ဒေးဒရဲတံတားစစ်ဆေးရေးဂိတ်တွင် ဧပြီလ (၂၆)ရက်နေ့မှ စတင်၍ (က)လိုင်စင်နှင့် (င)လိုင်စင်ပိုင်ဆိုင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 Antigen Rapid Diagnostic test kits (RDT)ဖြင့် နေ့စဉ် နံနက် (၇:၃၀)နာရီ၊ မွန်းလွဲ (၁၂:၃၀)နာရီနှင့် ညနေ (၅:၃၀)နာရီအချိန်တို့တွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ဒေးဒရဲတံတားစစ်ဆေးရေးဂိတ်၌ ဒေးဒရဲမြို့ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ ပစ္စည်းများပို့ရန် လာရောက်သည့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံ မြို့နယ်တွင် နေထိုင်သည့် ယာဉ်မောင်းနှင်သူ (၁)ဦးတွင် ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့သည့် အတွက် ယာဉ်နောက်လိုက်(၁)ဦးနှင့် ယာဉ်ပေါ်တွင်ပါရှိသူ အမျိုးသမီး (၁)ဦးတို့အား ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ဆက်လက်စစ်ဆေးခဲ့ရာ ကိုဗစ်ပိုး တွေ့ရှိခဲ့ပါသည်။
အဆိုပါ ပိုးတွေ့ရှိသူ (၃)ဦးအား မြို့မဘောလုံးကွင်း (ယာယီဆေးရုံ)တွင် ထားရှိပြီး ၎င်းတို့နှင့် ထိစပ်ခဲ့သူများအား Facility Quarantine ထားရှိနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)