ကော့ကရိတ်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

ကော့ကရိတ် ဇွန် ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပ သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၇)ရပ်ကွက် မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကော့ကရိတ်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ နှင့် အမျိုးသမီး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာ စကား ပြောကြားသည်။ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်း က မိမိဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်(၇)ချက်နှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာနှင့် ဥပဒေများကို သိရှိ​စေရန် စီမံချက်ဝင် ရပ်ကွက်/ကျေးရွာ ဒေသခံပြည်သူများနှင့် ဆရာ၊ဆရာမများအား သင်တန်းများပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း၊ အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဌာနမှ အမျိုးသမီးရေးရာ လုပ်ငန်းစဉ်(၁၂)ချက်နှင့်အညီ ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း  အမျိုးသမီး အများ အကြမ်းဖက်မှုပပျောက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာနှင့် အမျိုးသမီးရေးရာ လုပ်ငန်းများကို တက်ရောက်လာသော တာဝန် ရှိသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များက ပြန်လည်ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှု ရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)