လိပ်သိုဒေသရှိ တောင်သူများ မျိုးစပါး စိုက်ပျိုးရန် လယ်ယာ လုပ်ငန်းခွင်များသို့ စတင် ဝင်ရောက် လုပ်ကိုင်လျက်ရှိ

လိပ်သို ဇွန် ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းလာမှုကြောင့် တောင်သူများ မိုးစပါးစိုက်ပျိုးရန် လယ်ယာလုပ်ငန်းခွင်များသို့ စတင်ဝင်ရောက် လုပ်ကိုင်လျက်ရှိ ကြောင်း သိရသည်။

လိပ်သိုဒေသရှိ တိုင်းရင်းသား တောင်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်အသက်မွေးဝမ်းကြသော်လည်း တောတောင် လျိုမြောင်များကြားတွင် မြေပြင်အနေ အထားပေါ်မူတည်၍ မိုးစပါးစိုက်ပျိုးနိုင်ရန် လှေကားထစ် လယ်ယာမြေများကို ရှေးယခင် ကပင်  ဖော်ထုတ်လုပ်ကိုင်ခဲ့ကြပြီး ဒေသမျိုးစပါးများဖြစ်သော ကယားသယ်၊ ကောက်ဖယောင်း၊ ကုလားကြီး၊ ရာကျော်လုံးပု စသည့် ဒေသမျိုးများကိုသာ စိုက်ပျိုးလာခဲ့ကြရာမှ ယခုအခါ စိုက်ပျိုးရေး ဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့သော 203 ( ရွှေရင်အေး)နှင့် ဆင်းသုခ စပါးမျိုးများကို တောင်သူအများစုက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တောင်သူများမှာ ယခင်က ကျွဲ၊ နွား များဖြင့်သာ ထွန်ယက်စိုက်ပျိုးခဲ့ကြပြီး ယခုအခါတွင် လယ်ယာသုံး စက်ကရိယာများဖြင့် ပေါင်းရှင်းခြင်း၊ ထယ်ထိုး ထယ်လှန်ခြင်း ၊ လယ်ကန်သင်းများ ပြုပြင်ခြင်း၊ လယ်ထွန်ခြင်း၊ ပျိုးထောင်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

နွယ်နွယ်ခိုင် (ပြန်/ဆက်)