လွိုင်ကော် ဇွန် ၁၆
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(လွိုင်ကော်)မှ ဖွင့်လှစ်သည့် မြန်မာ့ရိုးရာ အခြေခံသိုင်းသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါ သင်တန်းကျောင်း ၊ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသည့် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများအား သင်တန်းသား ၊ သင်တန်းသူများက ဂါရဝပြုခဲ့ပြီး ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိန်ဦးက ယခုသင်တန်းသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်တစ်ရပ် ဖြစ်သော မြန်မာ့သိုင်းပညာရပ်အား မြန်မာလူမျိုးတိုင်း သင်ကြားပေးစေရန် ညွှန်ကြားချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းလည်းဖြစ်သလို အားကစားနှင့်ကာယပညာသိပ္ပံသို့ တက်ရောက်နေကြသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မြန်မာ့ရိုးရာ အားကစားနည်း ဖြစ်သော မြန်မာ့သိုင်းပညာရပ်အား အခြေခံမှစ၍ သင်ကြားတတ်မြောက်စေရန်၊ မြန်မာ့သိုင်းပညာရပ်ကို ကျောင်းသား၊ ကျောင်းသူများ သင်ကြားတတ်မြောက်ခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံတိုးတက် ကောင်းမွန်လာစေရေး အထောက်အကူပြုစေရန်၊ ကိုယ်လုံပညာရပ်ကို တတ်မြောက်ခြင်းဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် မြန်မာ့သိုင်းအားကစားနည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက မြန်မာ့ရိုးရာသိုင်း အခြေခံသင်တန်းမှ သင်ကြားပြသ ထားသော နည်းစနစ်များအား သရုပ်ပြသခဲ့ပြီး ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြဆရာ(၂)ဦးက ခါးစည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကယားပြည် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစောဟူးဟူးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ ကယားပြည် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဥပဒေချုပ် ဦးကြည်မြိုင်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင် များကို လည်းကောင်း၊ ကယားပြည် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစန်းဝေက ထူးချွန် သင်တန်းသား၊ သင်တန်းသူ (၂)ဦးအား ဂုဏ်ပြုဆုငွေများကို လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။