ရေတာရှည် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ဌာနစိတ်မှူး ဒေါ်ခင်စန်းဝင်း က ၂၀၂၀ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၁ခုနှစ်၊ မေလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ကလေးသူငယ်တို့၏ အခွင့်အရေးများကို အပြည့်အဝရရှိရန်၊ ကာကွယ် စောင့်ရှောက်ရန် တို့ကို ဆွေးနွေးခဲ့ကြသည်။ ထိုနောက် တက်ရောက်လာသူ ဌာနဆိုင်ရာများက ပြန်လည် ဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။