ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ   ဇွန်  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့်  စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာကျော်ဝင်း ရေးသားသော (၂၁)ရာစု သားရွှေဥ စာအုပ်ပါ ကြောက်စိတ်ကို အနိုင်ယူ၊ လဲရင်ပြန်ထ၊ အကောင်း အဆိုး ခွဲခြား စသည့် ခေါင်းစဉ်များအား  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးသိန်းမောင်က ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက အချင်းချင်းပြန်လည်ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)