ပြည်မြို့နယ်တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ပြည် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်း‌ ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးပွဲတွင် အဆိုပါကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးက အဖွင့်အမှာ စကား ပြောကြားကာ ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန ပြည်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန် က "ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်း‌များ အကောင်အထည်ဖော် ဆောင်ရွက်‌နေမှုများအ‌ကြောင်း၊ ယင်းလုပ်ငန်းတို့ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်‌ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအကြောင်း၊ မြို့နယ်အတွင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာတွင် အကျုံးဝင်သည့် ကလေးများအတွက် ထောက်ပံ့ပေးမှု အခြေအနေတို့ကို" အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များက သိရှိလိုသည်များနှင့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ် လဝက၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ ခေတ္တရာရပ်ကွက် စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ခရိုင်လူမှုဝန်ထမ်းရုံးတို့မှ မြို့နယ်ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဆက်