မင်းဘူးမြို့နယ်အတွင်းရှိ လမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်း ခင်းခြင်းများ ဆောင်ရွက် 

မင်းဘူး   ဇွန်   ၁၆

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ လမ်းများ တိုးတက်ကောင်းမွန် စေရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်တို့အတွက် ကွန်ကရစ် လမ်းများခင်းခြင်း၊ ရေနုတ်မြောင်းများ ဖော်ထုတ်ပြုပြင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာများ ခင်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူး-ဆင်ခေါင်းလမ်း အရှည်မှာ ၂၀၆၅ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၉ လက်မရှိပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၀၉၃ သိန်းဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းမှာ ငါးဆယ် ရာခိုင်နှုန်းပြီးစီး၍ မကြာမှီ ရာနှုန်းပြည့်ပြီးစီး၍ သွားရေးလာရေး အဆင်ပြေချောမွေ့တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

 

မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ဦးဩဘာသလမ်း၊ ဆင်ခေါင်းလမ်း၊ သိန်ကုန်းလမ်း၊ ရပ်ကွက်နေ လမ်းသွယ်များအပြင် ဂုံးထိပ်တံတား ငယ်လေးများနှင့် ရေဆိုးထုတ် အုတ်ရေမြောင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးထွန်းကိုကိုက ပြောသည်။

 

ဇေယျာထက် (မင်းဘူး)