မုံရွာ ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်တွင် CCTV တပ်ဆင်ခြင်းနှင့် Command and Control Center တည်ဆောက်ခြင်း၊ (Phase-1) လုပ်ငန်းများအပြီးသက် ဆောင်ရွက်နိုင်ရေး၊ ကင်မရာများအား ပြင်ဆင်ထိန်းသိမ်းနိုင်ရေးနှင့် (Phase-2)လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မုံရွာမြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ CCTV တပ်ဆင်ခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး၊ ကသာ၊ တမူးမြို့နယ်များ၏ အချက်အချာကြသည့် နေရာများတွင် တရားဥပဒေစိုးမိုးရေးအတွက် CCTV တပ်ဆင်ခြင်းနှင့် Command and Control Center တည်ဆောက်ခြင်းလုပ်ငန်း (Phase-1) ကို Yadanarbon Fiber Services Co.,Ltd မှလည်းကောင်း၊ (Phase-2)ကို Pyi Lone Kyaw Co.,Ltd မှလည်းကောင်း၊ (Phase-1) (Phase-2) လုပ်ငန်းများအတွက် Fiber လှူဒါန်းမှုနှင့် မုံရွာမြို့ရှိ Control Room နှင့် မြို့နယ်(၅)မြို့နယ်ရှိ CCTV ပွိုင့်နေရာများအား တိုက်ရိုက်ကြည့်ရှုနိုင်ရန် Internet Services ဝန်ဆောင်မှုကို Treasure Chindwin Land Co.,Ltd မှလည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်း များနှင့် ပတ်သက်၍ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် အခတ်အခဲများကို တင်ပြ ပေးစေလိုပါကြောင်း၊ ဌာနဆိုင်ရာများ၊ ပညာရှင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြု ပေးစေလိုပါကြောင်း၊ သို့မှသာ လိုအပ်ချက်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးနိုင်ပြီး လုပ်ငန်းများ အောင်အောင်မြင်မြင်ဖြင့်အမြန်ဆုံး ပြီးမြောက်မှာဖြစ်ပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုးက CCTV တပ်ဆင်ခြင်းနှင့် Command and Control Center တည်ဆောက်ခြင်း၊ (Phase-1) လုပ်ငန်းများ အပြီးသက်ဆောင်ရွက်နိုင်ရေး၊ ကင်မရာများအား ပြင်ဆင်ထိန်းသိမ်းနိုင်ရေးနှင့် (Phase-2) လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးမှုအပေါ် အစည်းအဝေးသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်တွင် CCTV တပ်ဆင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမောင်မောင်လင်းက တိုင်းဒေသကြီး အတွင်း မြို့နယ်(၆)မြို့နယ်တွင် CCTV တပ်ဆင်ခြင်းနှင့် (Phase-1) လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်နိုင်ရေး၊ (Phase-2) လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်