ညောင်တုန်းမြို့တွင် နိုင်ငံတစ်ဝှမ်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း  ဇွန်  ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နိုင်ငံတစ်ဝှမ်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ်ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားရာတွင် မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာ ဖြေရှင်းရန်၊ မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည့်မှုခင်းများ လျှော့ချရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်ရန်စသည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ညောင်တုန်းမြို့နယ်တရားသူကြီး ဦးနေစိုးဦးမှ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အား အသေးစိတ် မိတ်ဆက်ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တက်ရောက်လာသူများ မေးမြန်းသည့် မေးခွန်းများအား ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာစခန်းမှ စခန်းမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)