ပုလဲ ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာ ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမော်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့ ရပ်ရွာ တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဖွင့်လှစ်လျက်ရှိသော အခြေခံပညာကျောင်းများ တည်ငြိမ်အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ရပ်မိ ရပ်ဖများ၊ ကျောင်းသား/ ကျောင်းသူများ၏ မိဘများ၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖွင့်လှစ်ရန် ကျန်ရှိသော အခြေခံပညာကျောင်းများကို အမြန်ဆုံး ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူလိုသော တောင်သူများ အတွက်လည်း အဆင်ပြေစွာ ထုတ်ချေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုကြောင်း မှာကြားခဲ့သည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်က ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင် ခင်းပေးရေး၊ ဆည်ရေရရှိစေရေး၊ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးစေရေး၊ ကျေးရွာအတွင်း ရေပိုက်လိုင်း သွယ်တန်းပေးရေး၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ရရှိအောင် ဆောင်ရွက်ပေးရေးနှင့် ဆရာ/ဆရာမ လစ်လပ်နေသော ကျောင်းများအတွက် ဆရာ၊ ဆရာမများ ရရှိအောင် ဆောင်ရွက်ပေးရေးစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်က သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပေါင်းစပ် ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဌေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးညီညီ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး