ဆိပ်ဖြူ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ ်သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းစု (လီမိတက်) နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့် အညီ ကျင်းပပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်သမဝါယမ အသင်းစု(လီမိတက်) ၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အရပ်ရပ်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးရှင်းတမ်းများ အတည်ပြုနိုင်ရေး၊ ၂၀၁၅ - ၂၀၂၀ ဘဏ္ဍာနှစ် အတွင်း(၅)နှစ်သက်တမ်းပြည့် တာဝန်ထမ်းဆောင်ခဲ့သည့် မြို့နယ်သမဝါယမ အသင်းစု ဒါရိုက်တာ အဖွဲ့ဝင်များ နှုတ်ထွက်ခွင့် အတည်ပြုခြင်းနှင့် ၂၀၂၁ -၂၀၂၅ ခုနှစ် အတွက် မြို့နယ်သမဝါယမ အသင်းစု ဒါရိုက်တာအဖွဲ့ဝင်များ အသစ်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်သမဝါယမ အသင်းစု ဥက္ကဋ္ဌ ဦးကောင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားများ ပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်မင်း၊ တိုင်းဒေသကြီးအသင်းစုချုပ် ဥက္ကဋ္ဌ ဦးစံကျော်ဝင်းတို့က သမဝါယမအသင်စုများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းသားများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ချိတ်ဆက်ပံ့ပိုး ကူညီဆောင်ရွက် နေမှုများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်လှလှဌေးတို့က မြို့နယ် သမဝါယမအသင်းစုများ ဖွံ့ဖြိုးရေးလမ်းညွှန်အမှာစကားမျာ းပြောကြားကြသည်။
၎င်းနောက် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အတွင်းလုပ်ငန်းဆောင်ရွက်ချက်များ၊ ငွေစာရင်းရှင်းတမ်းနှင့် အမြတ်ငွေ ခွဲဝေခြင်းတို့ကို အမှုဆောင်အဖွဲ့မှတာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်ပြပေးပြီး ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာများ ရှေ့လုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသား များ၏ အတည်ပြုချက်များရယူခဲ့သည်။ဆက်လက်၍ ၂၀၁၅ - ၂၀၂၀ ဘဏ္ဍာနှစ် အတွင်း(၅)နှစ် သက်တမ်းပြည့် တာဝန်ထမ်းဆောင်ခဲ့သည့် မြို့နယ်သမဝါယမ အသင်းစု ဒါရိုက်တာအဖွဲ့ဝင်များ နှုတ်ထွက်ခွင့်ကို အသင်းသားများထံ တင်ပြခဲ့ရာ အသင်းသားများမှလက်ခံအတည်ပြုခဲ့ပြီး ၂၀၂၁- ၂၀၂၅ ခုနှစ်အတွက် မြို့နယ်သမဝါယမ အသင်းစု ဒါရိုက်တာအဖွဲ့ဝင်များ အသစ်ရွေးချယ် တင်မြောက်ခြင်းကို အသင်းသားများ၏ သဘောဆန္ဒများဖြင့်ရွေးချယ် တင်မြှောက်၍ ၂၀၁၅ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သည့် မြို့နယ်သမဝါယမ အသင်းစု ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းသားများကို တိုင်းဒေသကြီး ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ ( အညာမြေ)