ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများ ကြိုဆိုလက်ခံမှုကို ယာယီရပ်ဆိုင်းထားစဉ် ထိုင်းဘက်ခြမ်းတွင် ရောက်ရှိနေပြီးသူများအား ပြန်လည်လက်ခံကြိုဆို

မြဝတီ  ဇွန်  ၁၅

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ ကြိုဆိုလက်ခံပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစပြီး ကြိုဆိုလက်ခံပေးမှုအား နှစ်ပတ် ယာယီရပ်ဆိုင်းခဲ့ပြီး ထိုသို့ ရပ်ဆိုင်းလိုက်သည့် အတွက် မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတား ထိုင်းနိုင်ငံဘက်ခြမ်းတွင် ရောက်ရှိနေပြီးဖြစ်သည့် မြန်မာနိုင်ငံသားများအား ယနေ့တွင် ပြန်လည်လက်ခံ ကြိုဆိုလျက်ရှိကြောင်း သိရသည်။

နေရပ်ပြန် မြန်မာအလုပ်သမားများ ထိုင်းဘက်ခြမ်းတွင် စုစုပေါင်း ၆၅ဝ ဦးခန့်ရှိနေပြီး ယနေ့မှစ၍ ဇွန်လ ၁၇ ရက် နေ့ထိ တစ်ရက်ခြား ၂ဝဝ ဦးနှုန်းကြိုဆို လက်ခံပေးသွားမည်ဖြစ်သည်။

ယခုကြိုဆိုလက်ခံပေးခြင်းသည် မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတား ထိုင်းနိုင်ငံဘက်ခြမ်းတွင် ရောက်ရှိနေပြီးဖြစ်သည့် သူများကိုသာ ကြိုဆိုပေးခြင်းဖြစ်ပြီး ထပ်မံလာရောက်ရန်ရှိသူများအနေဖြင့် မိမိတို့ နေရပ်များတွင်သာ စောင့်ဆိုင်းရန်လိုကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော် ပေးလျက် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များပြားလာသည့်အတွက် ယခုကဲ့သို့ ယာယီဆိုင်းငံ့ရခြင်း ဖြစ်ကြောင်းသိရပြီး ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် နေရပ်ပြန်လာနိုင်ရေးသည် ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအပေါ် မူတည်လျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)