တနိုင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ခုနစ်ရက်တိုးမြှင့် ကပ်ထားကြေညာ

တနိုင်း ဩဂုတ် ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့အထိ ကပ်ထားကြေညာထားလျက်ရှိရာ ဩဂုတ်လ (၈) ရက်မှ (၁၄) ရက်နေ့အထိ နောက်ထပ်ခုနစ်ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာထားကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းကို ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ်၍ ရက်ထပ်မံတိုးမြှင့် ကပ်ထားကြေညာခြင်းဖြစ်ပြီး တနိုင်းမြို့နယ်အတွင်း ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု(၈)အုပ်စုရှိ၍ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း (၂၀) ရုံရှိကာ အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိ သူဦးရေ (၃၂၁၈၉) ဦးရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုကြပြီး၊ ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ၊ ကိုယ်ရေး အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို လာရောက် ကြည့်ရှုကြရေး နှိုးဆော်မှုများနှင့် ဆန္ဒမဲပေးပိုင်ခွင့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)