ညောင်လေးပင် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ညောင်လေးပင်လူငယ်အဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ ဘုန်းတော်ကြီး ကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ ဝါတွင်း ကာလဆွမ်းကိစ္စအဝဝ အဆင်ပြေစေရန်အတွက် ယနေ့နံနက် ၉ နာရီကစ၍ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်း ဆပ်ကပ်လှူဒါန်းခြင်းအား ညောင်လေးပင်လူငယ်အဖွဲ့မှ ဦးဆောင် စီစဉ်ခြင်းဖြစ်ပြီး စေတနာရှင် အလှူရှင်များ လှူဒါန်းသည့် လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့် အလှူငွေများအား မြို့ပေါ်နှင့် အနီးအနားရှိ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း (၄၅)ကျောင်းသို့ ခွဲဝေလှူဒါန်းပေးခြင်း ဖြစ်သည်။
“ကျွန်တော်တို့အဖွဲ့က နီးစပ်ရာမိတ်ဆွေတွေစီက အလှူခံရတာတွေစုပြီး ကျောင်းတွေကို ခွဲခြမ်းလှူဒါန်းကြ တာပါ၊ ပထမ ရည်ရွယ်တာက (၄၃)ကျောင်းပေါ့ အလှူငွေများတာနဲ့ နှစ်ကျောင်းထပ်တိုးပြီး(၄၅)ကျောင်း လှူဒါန်းဖြစ်သွားပါတယ်”ဟု ညောင်လေးပင်လူငယ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုသို့လှူဒါန်းရာတွင် တစ်ကျောင်းလျှင် အလှူငွေ တစ်သိန်းတစ်ထောင်ကျပ် (၁၀၁၀၀ဝိ/) ဆန်အိတ်ကြီး တစ်အိတ်၊ အိတ်သေးတစ်အိတ်၊ ကြက်သွန်တစ်အိတ်၊ တံမြတ်စည်း တစ်ချောင်း၊ ဆီ၊ ဆား၊ ငရုတ်၊ ပဲနှင့်ငပိအပါအဝင် အခြားပစ္စည်းအမယ်စုံတို့အား လှူဒါန်းပေးကြပြီး သံဃာများသည့်ကျောင်းများအား ဆန်နှင့်ကြက်သွန်များ ထပ်ပိုးလှူဒါန်းပေးကာ အလှူခံမကြွရောက်နိုင်သည့်ကျောင်းများအား ကျောင်းတိုက်အရောက် ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။