လက်ပံတန်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များပြားလာခြင်းကြောင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့ကစတင်၍ မြို့နယ်တွင်း အသိပညာပေး ကြေညာလျက်ရှိကြောင်း သိရသည်။
အသိပညာပေးကြေညာရာတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတို့ကို ဆောင်ရွက်ကြပါရန်နှင့် စားသောက်ဆိုင် ရောင်းချသူများအနေဖြင့် စားသုံးသူများကို ဆိုင်ထိုင်ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်၊ အိမ်ဆိုင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ကာကွယ်ရေးတွင် လိုက်နာရန် စည်းကမ်းချက်များနှင့်အညီ ရောင်းချကြပါရန် အသိပညာပေး ကြေညာလျက်ရှိကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင့်နန္ဒာဌေး