ထီးလင်းမြို့၌ မြို့တွင်းရပ်ကွက်လမ်းများ ခင်းကျင်းနေမှုနှင့် ရေမြောင်းများ ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

ထီးလင်း        ဇွန်         ၁၅

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့က မြို့တွင်း ရပ်ကွက်လမ်းများ တိုးတက်ကောင်းမွန်ရေးနှင့် မိုးရာသီကာလများ၌ ရေစီးရေလာ ကောင်းမွန် စေရေး တို့အတွက် ရေမြောင်းများ တူးဖော်ခြင်း၊ ကွန်ကရစ်လမ်းများ ခင်းကျင်းခြင်း စသည် တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ထီးလင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မကွေးတိုင်း ဒေသကြီး ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေ - ၂၆၁၂၅၀၀၀/- ကျပ်ဖြင့် အမှတ်(၂) ကန်တော်လေးရပ်ကွက်တွင် လမ်းအရှည် - ၂၂၄၀ ပေ၊ အကျယ် - ၁၂ ပေ၊ ၉ လက်မရှိ ကျောက်ချောလမ်းခင်းခြင်းကို လည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ - ၃၃၅၀၀၀၀၀/- ကျပ်ဖြင့် လမ်း အရှည် ၁၂၉၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ အင်ကြင်းလမ်း ကွန်ကရစ်ခင်းခြင်းကို လည်းကောင်း၊ ခွင့်ပြု ရန်ပုံငွေ - ၄၀၂၃၀၀၀/- ကျပ်ဖြင့် လမ်းအရှည် ၁၃၅ ပေ၊ အကျယ် ၁၅ ပေ၊ ထု ၈ လက်မရှိ ပုညာရာမလမ်း ကွန်ကရစ်ခင်းခြင်းကိုလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ- ၁၈၁၂၅၀၀၀/- ကျပ်ဖြင့်  လမ်းအရှည် ၅၀၀ ပေ၊ အကျယ် ၁၅ ပေ၊ ထု ၈ လက်မရှိ ယုဇန(၂)လမ်း ကွန်ကရစ်ခင်းခြင်းကို လည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ - ၈၃၀၀၀၀၀/- ကျပ်ဖြင့် အရှည် ၃၆၀ ပေ၊ အနံ ၂ ပေ၊ အမြင့် ၂ ပေရှိ သီရိ(၂)လမ်း အုတ်ရေမြောင်းပြုလုပ်ခြင်း စသည်တို့ကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ယုဇန(၂)လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းမှာ ပြီးစီးနေပြီဖြစ်သည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမျိုးမြင့်တို့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လုပ်ငန်းလိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်စည်