မြင်းမူ ဇွန် ၁၅
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပျော့ရွာလျှပ်စစ်မြစ်ရေတင်စိုက်ကွင်း၊ ကွင်းအမှတ်(၃၆၅) တောင်သူ (၃၆) ဦးပိုင်၊ မိုးကြိုပဲတီစိမ်း စံပြစိုက်ကွက်တွင် Good Agriculture Practice (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ) ရရှိစေရန် ဥကပ်ပါးနဂျီ (Trichogramma) များ လွှတ်၍ ဇီဝနည်းဖြင့် ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကို ဇွန်လ (၁၄) ရက်နေ့က ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရှိရသည်။
ကွင်းသရုပ်ပြပွဲတွင် ဧက(၃၀)အတွက် နဂျီကတ်ပေါင်း (၁၂၀၀) ကို ဒုတိယအကြိမ် လွှတ်ခြင်း ဖြစ်ကြောင်း၊ ဥကပ်ပါးနဂျီအသုံးပြုခြင်းဖြင့် လိပ်ပြာဖလံမျိုးရင်းဝင် ဖျက်ပိုးများကို ဥအဆင့်မှာ ပင် စောလျှင်စွာ နှိမ်နင်းနိုင်ခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချနိုင်ခြင်း၊ အကျိုးပြု အင်းဆက် များကို ထိခိုက်မှုမရှိနိုင်၍ အကျိုးပြုအင်းဆက်များ တိုးပွားလာပြီး ပတ်ဝန်းကျင် သဘာဝ ဂေဟစနစ်ကိုမျှတစေခြင်း၊ လူနှင့်ပတ်ဝန်းကျင် အဆိပ်သင့်မှုနှင့် ညစ်ညမ်းမှုတို့ကို လျှော့ချနိုင်နိုင် သည့်အပြင် ရေရှည်အကျိုး ဖြစ်ထွန်းစေကာ သွင်းအားစုကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ် ကြောင်း၊ ဒေသခံတောင်သူများတွင် တွင်ကျယ်အသုံးပြုနိုင်ရေး နည်းပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမြင့်သိန်းထံမှ သိရှိရသည်။
မြင်းမူမြို့နယ်အတွင်း (GAP) စနစ်ဖြင့် မိုးကြိုပဲတီစိမ်းဧက (၁၅၀) အပါအဝင် စုစုပေါင်း မိုးကြိုပဲတီစိမ်း ဧက (၈၁၅) ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)