ချောက်မြို့နယ် ညောင်ဇင်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ချောက်ဇွန်  ၁၅ 

မကွေးခရိုင်၊ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ကာ ပြုလုပ်ပေးလျက်ရှိသည်။

 

ပန်းခင်းစီမံချက်အရ ပြုလုပ်ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်း အမှန်တကယ် နေထိုင်ခြင်း လက်ရှိ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင်ကတ်ပြား မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်ပြီး လူဦးရေစာရင်း မရှိသူများ၊ မှတ်ပုံတင်မရှိသူများကို ပန်းခင်းစီမံချက်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ရာတွင် ​ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ကျား (၁၅)ဦး၊ မ(၄၂)ဦး၊ စုစုပေါင်း (၅၇) ဦးကိုလည်းကောင်း၊ မွေးတိုးသူများအတွက် ကျား(၇)ဦး၊ မ(၆)ဦး၊ စုစုပေါင်း(၁၃)ဦးကိုလည်းကောင်း ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။ ကျန်ရှိသည့် ကျေးရွာများကို လည်း အဖွဲ့ခွဲကာ ကျေးရွာအရောက် သွားရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။ 

မချို (ချောက်)