လက်ပံတန်းမြို့နယ်တွင် တောင်သူများအား ၂၀၂၁ ခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးစရိတ်များ စတင် ထုတ်ချေးပေး

လက်ပံတန်း ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ၂၀၂၁-ခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးစရိတ်များကို ယနေ့မှစတင် ထုတ်ချေးပေးလျက် ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပေါက်တောစုကျေးရွာအုပ်စုမှ တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့ နယ်တွင် ၂၀၂၁မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကနဦးရန်ပုံငွေ ၂၈၆၇ ကျပ်သိန်း ခွင့်ပြုချက် ရရှိပြီး ၂၀၂၀ မိုးစပါးချေးငွေ ပေးစပ်ထားသော ပေါက်တောစုအုပ်စုမှ အဖွဲ့ဝင်တောင်သူ(၃၃)ဦး၏ စပါးစိုက်ဧက(၂၀၃)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၃၀၄.၅၀  သိန်း ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ပံတန်းမြို့ နယ်ရှိ ၂၀၂၀ မိုးစပါးချေးငွေပေးစပ်ထားသော ကျေးရွာအုပ်စုများမှ အဖွဲ့ဝင် တောင်သူများကိုလည်း ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးနိုင်ရေးအတွက် ချေးငွေ အဆိုပြုလွှာ များကို အချိန်နှင့်တစ်ပြေးညီ ပြုစုတင်ပြကြရန် အသိပေး အကြောင်းကြားထားကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးတင်မောင်ဌေးထံမှ သိရသည်။

ဝင့်နန္ဒာဌေး