ပွင့်ဖြူမြို့၌ ရေစီးရေလာကောင်းမွန်စေရန် မြို့ပတ်လမ်း ရေဆိုးထုတ်အုတ်ရေမြောင်း အကောင်အထည်ဖော် ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီး

ပွင့်ဖြူ ဇွန်  ၁၅


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် မြို့ပြ အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ရည်ရွယ်၍  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့ပတ်လမ်း အရှည်ပေ ၉၆၀ အား ရေဆိုးထုတ်အုတ်ရေမြောင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ထံက သိရသည်။ 
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့် အညီ  သန့်ရှင်းသာယာလှပ စေရန်အတွက် ဌာန၏ ခွင့်ပြုရန်ပုံငွေအပေါ်မူတည်၍ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို နှစ်စဉ် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ယခုနှစ်တွင် မြို့ပြဖွံ့ဖြိုးရေးအတွက် မြို့ပေါ် ရပ်ကွက် နေပြည်သူများ သွားလာရေး အဆင်ပြေ စေရန် ကွန်ကရစ်လမ်းများ ဆောင်ရွက်ခြင်း ၊ အုတ်ရေ နုတ်မြောင်းများ ပြုလုပ်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ပွင့်ဖြူမြို့ပတ်လမ်း အရည်ပေ ၉၆၀ အား အကျယ် ၅ ပေ ၊ အနက် ၄ ပေ ၆ လက်မ ရေဆိုးထုတ်အုတ်ရေမြောင်း ပြုလုပ်ခြင်းကို ဌာနခွင့်ပြု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၈ ဒသမ ၅၀၀ သန်းဖြင့် တက်လူထိပ် ကုမ္ပဏီ အား တာဝန်ယူ ဆောင်ရွက် လုပ်ကိုင်ခဲ့ရာ ယခုအခါ ရေဆိုး ထုတ်အုတ်ရေ မြောင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ်၍ မြို့ပေါ် ရပ်ကွက်များရှိ လမ်းများတွင် ရေကြီး ရေလျှံမှုများ ကင်းဝေးစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း က ပြောသည်။  
ရဲဝင်းနိုင် (ညောင်ဦး)