အုတ်ဖိုမြို့နယ်တွင် အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်

အုတ်ဖို ဇွန် ၁၅

အုတ်ဖိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ နနွင်းကုန်းအုပ်စု၊ အဘိုးအင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန်က အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် သာယာဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်မှ အဖွင့်အမှာစကား ပြောကြားရာ သက်ဆိုင်ရာ ကျေးရွာများမှ မိမိတို့ကျေးရွာနှင့် ကိုက်ညီမည့် သင်တန်းများကို အဆိုပြုကြရန်၊ အဆိုပြုထားတဲ့ သင်တန်းများကို နှစ်အလိုက် ရာထားဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် သင်တန်း တက်နေစဉ်မှာလည်း သင်တန်းသူများအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနဲ့အညီ နေထိုင်ကြရန်လိုကြောင်း၊ ယခုသင်တန်းကိုလည်း စ လယ် ဆုံး တက်ရောက်ကြရန်နှင့် သင်တန်းမှ ရရှိလာတဲ့ပညာများဖြင့် မိမိတို့ရဲ့အကျိုးစီးပွား၊ မိမိတို့ရဲ့ဒေသအကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုး မှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ အုတ်ဖိုမြို့နယ်တွင် အပ်ချုပ်စက်သင်တန်းကို (၃)ကြိမ် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပြီး ယနေ့သင်တန်းမှာ ဒုတိယမြောက်သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်းနှင့် ပတ်သက်တဲ့ သင်ထောက်ကူပစ္စည်းများကိုလည်း မိမိတို့ဌာနမှ အခမဲ့ ထောက်ပံ့သွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း နှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းတွင် သင်တန်းသူ(၃၆)ဦးတက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းသူ တစ်ဦးမှ မိမိကိုယ်တိုင် တီထွင်ဖန်တီးထားတဲ့ အင်္ကျီများ ဝတ်ဆင်နိုင်ရန်အတွက် ယခုသင်တန်းကို တက်ရောက်ရခြင်းဖြစ်ကြောင်း၊ ယခုလို သင်တန်းဖွင့်လှစ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

အောင်သူ