ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန်အတွက် လယ်ယာလုပ်ငန်းကို စတင်လုပ်ကိုင်

ကော့ကရိတ် ဇွန် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် မိုးဦးကျစောသောကြောင့် ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန်အတွက် ယမန်နှစ်ကထက် နှစ်ပတ်စော၍ လယ်ယာလုပ်ငန်းများကို စတင်လုပ်ကိုင်လျက်ရှိကြောင်း ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) ရပ်ကွက်ရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ မိုးကိုကြည့်ပြီးတော့ ဒီနေ့မှစပြီး လက်တွန်းထွန်စက်လေးနဲ့ စထိုးဖြစ်တယ်၊ လက်တွန်း ထွန်စက်နဲ့ကျတော့ ၄လွှာ ၅လွှာ လောက်တော့ ထိုးရတယ်။ အဲ့ဒါပြီးမှသာ မိုးစပါးကို ပျိုးထောင်ရတာပေါ့။ အချို့တောင်သူတွေကကျတော့ လက်တွန်းထွန်စက်အစား ထွန်းစက်ကြီးတွေနဲ့ ထယ်ထိုးကျတာပေါ့၊ ထွန်းစက်ကြီးတွေကျတော့ ၂လွှာ လောက်ဘဲ ထိုးရတယ်။ ဒီမှာက တိုက်ရိုက်စိုက်ပျိုးတာ နည်းပြီး ပျိုးထောင်စိုက်ပျိုးကြတာများတယ်” ဟု အမှတ် (၁) ရပ်ကွက်ရှိ မိုးစပါးစိုက် တောင်သူတစ်ဦးက ပြောကြားသည်။

ကော့ကရိတ်မြို့နယ်အတွင်း ယခုနှစ်တွင် မိုးစပါး  ၈၄၄၃၅ ဧက ကို စိုက်ပျိုးသွားရန် လျာထားကြောင်း၊ ယခုအချိန်တွင် တောင်ယာစပါး ၅၉၇ ဧကကို စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ စိုက်ကွက်များတွင် ကြဲခင်းစနစ်များဖြင့် စတင်စိုက်ပျိုးလျက်ရှိပြီး ရိုးရိုးပျိုးခင်းများအတွက် ပျိုးထောင်ထားလျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း စိုက်နည်းစနစ်မှန်ကန်ရေး၊ စပါးမျိုးအလိုက် စိုက်ပျိုးချိန် မှန်ကန်ရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲတတ်ရေး စသည့်တို့ကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းတာဝန်ခံဝန်ထမ်းများက လယ်ကွင်းများအရောက် တောင်သူများအား ကွင်းဆင်းပညာပေးလျက်ရှိကြောင်း၊ ယမန်နှစ်က ကော့ကရိတ်မြို့နယ်အတွင်းရှိ တောင်သူကြီးများအနေဖြင့် ဆင်း သုခ၊ မနောသုခစပါးမျိုးများကို အများဆုံး စိုက်ပျိုးကြပြီး ရက် ၉၀ စပါး၊ ဧရာမင်း၊ ငစိန်၊ ကောက်ညှင်းနှင့် တောင်ယာစပါးမျိုးကို တစ်ထောင်ကျော်သာ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စောအောင်မျိုးလွင် (ပြန် / ဆက်)