စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ တောင်သူများသည် ရုံးပတီသီးကို နေ့စဉ်ဝင်ငွေရရှိသည့်အတွက် တစ်နှစ်ပတ်လုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
"ရုံးပတီသီးစိုက်မယ်ဆို ဘောင်ခြား တစ်ပေခွဲထားရှိပြီး တစ်ပင်နှင့်တစ်ပင် ၆ လက်မခြား စိုက်ပျိုးနိုင်ပြီး ရုံးပတီသီးဒေသမျိုးသည် အချိန်ကြာလာတာနှင့်အမျှ အပင်များ ဝါ၍ ရုံးပတီသီး တောင့်များပါ ဝါသွား၍ လူကြိုက်နည်းသဖြင့် စိုက်ပျိုးရေးဆိုင်မှ မျိုးစေ့များကို ဝယ်ယူပြီး မျိုးအဖြစ် ပြန်လည်ထားရှိကာ စိုက်ပျိုးကြပါတယ်။ တစ်ဧကစိုက်ကို ထွန်ယက်ခ၊ မျိုးစေ့ဖိုး၊ ပိုးသတ်ဆေးဖိုး၊ ဓာတ်မြေသြဇာဖိုး စုစုပေါင်း သုံးသိန်းကျော်ခန့် ကုန်ကြကြောင်း၊ ရုံးပတီသီးသည် ပူအိုက်စွတ်စိုသော ရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ဆောင်းတွင်းပိုင်းတွင် ဖြစ်ထွန်းမှုနည်းကြောင်း" ရုံးပတီစိုက်ပျိုးသူ အုပ်ဖိုကျေးရွာမှ ကိုမောင်ထွန်းက ပြောပြသည်။
"ရုံးပတီသည် ရာသီဥတုပေါ်မူတည်၍ ဆောင်းရာသီတွင် စိုက်ပြီး သုံးလကြာလျှင် ခူးဆွတ်နိုင်ကာ၊ နွေရာသီတွင်စိုက်ပြီး နှစ်လကြာလျှင် ခူးဆွတ်နိုင်ကြောင်း၊ ရုံးပတီသီးကိုတစ်ရက်ခြားပုံမှန် ကောက်ရပြီး တစ်ဧကစိုက်ကို ရုံးပတီသီး ၃ သောင်းကျော်ခန် ့ရရှိပြီး နေ့စဉ်ကောက်ရင် ၁ သောင်းခွဲ ရရှိ၍ ရုံးပတီသီးကောက်ဖို့ အလုပ်သမား နှစ်ယောက်ကို ၂၀၀၀ ကျပ်နှင့် အသီးကုန်သည်အထိ ငှားရမ်းထားရပါတယ်။ ရုံးပတီသီး စကောက်သည့်ရက်မှ ပုံမှန် ၄ လ အထိ ကောက်ရပါတယ်။ ယခု လက်ရှိ စျေးနှုန်းကတော့ ဖောက်သည်ပေး ၆ ကျပ် စျေးရောင်းရသဖြင့် ၅ သောင်းကျော် နေ့စဉ်ဝင်ငွေရရှိပြီး အလုပ်သမားများလည်း ပုံမှန်ဝင်ငွေရရှိသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးပါ တယ်" ဟု သပြေသာကျေးရွာနေ ရုံးပတီစိုက်သူ ဒေါ်မနီက ပြောပြသည်။
၎င်းကျေးရွာ၊ အနီးပတ်ဝန်းကျင်ကျေးရွာများ ဖြစ်ကြသော မကျည်းကုန်း၊ ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုပ်ဖို၊ သရက်အိုက်၊ ရှမ်းစု၊ စိန်လည်၊ သပြေသာ၊ အောင်းကုန်း၊ ကျိုင်းခွင်စသည့် ကျေးရွာများသည် ဒေါင်းမြူးချောင်းနှင့် နန်းလှိုင်းချောင်းကို အမှီပြုပြီး စိုက်ပျိုးရသည့်အတွက် ဆောင်းရာသီနှင့် နွေရာသီမှာ ငရုတ်၊ သခွား၊ ကြက်သွန်၊ ပြောင်း၊ ဂန္ဓမာပန်း၊ သစ္စာပန်း၊ ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ် စသည့် သီးနှံမျိုးစုံကို စိုက်ပျိုးကြသော်လည်း မိုးရာသီမှာ နှစ်စဥ်ရေကြီးရေလျှံ သဖြင့် ရေနစ်ခံသည့် ရုံးပတီသီးကိုသာ နေ့စဥ်ဝင်ရရှိသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြ ကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)