ချောက်မြို့နယ်တွင် ယခုနှစ်မိုးရာသီ ပျိုးပင်ပေါင်း ၄၂၁၀၀ ကျော် အခမဲ့ ဖြန့်ဝေစိုက်ပျိုး သွားမည် 

ချောက်   ဇွန်   ၁၅ 

မကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊  မြို့နယ်သစ်တောဦးစီးဌာနမှ ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးရာသီ သစ်ပင် စိုက်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီကာလတွင်​ ဒေသနှင့် ကိုက်ညီသည့်  ယူကလစ်၊ ကုက္ကိုလ်၊ တမာ၊ ယင်းမာ၊ မယ်ဇလီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ဗန်ဒါ၊ သစ်ဆိမ့်၊​​ လျှော်ဖြူ၊ မန်ကျည်း၊​ ရေတမာ၊ ထ​နောင်း အရိပ်ရနှစ်ရှည်ပင်များကို ပျိုးထောင် ထားရှိပြီး ပျိုးပင်ပေါင်း (၄၂၁၀၀) အခမဲ့ဖြန့်ဝေ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ပျိုးပင်များကို မိုးရာသီသစ်ပင်စိုက်ပွဲတော်များ၌ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ​ဒေသခံပြည်သူတို့နှင့်အတူ စိုက်ပျိုးသွားမှာဖြစ်​ကြောင်း မြို့နယ်သစ်​တောဦးစီးဌာနအ​နေဖြင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများ အသုံးပြုနိုင်ရန် ထင်းစိုက်ခင်း အဖြစ် ကြိုပင်​ကျေးရွာတွင် ယူကလစ် ၁၉၇၀၀ ပင်၊ ရှား ၄၅၀၀ ပင် ပျိုးပင်ပေါင်း (၂၄၂၀၀)၊ အထူးစိမ်းလန်းစိုပြည်ရေးအတွက် အိုးဘို​ကျေးရွာ၊ ရန်​ပြေ​ကျေးရွာတို့တွင် ယင်းမာ၊​ရေတမာ၊ မန်ဂျန်ရှား၊ မန်ကျည်း၊ ခ​ရေ၊ သစ်ဆိမ့်၊ တမာ၊ ဗန်ဒါ၊ ကုက္ကိုလ်၊ စိန်ပန်း၊​ လျှော်ဖြူ၊​ ဖျောက်ဆိတ် ပျိုးပင်ပေါင်း (၂၂၀၀)နှင့် ပဲတိုး​ချောင်း​​ကျေးရွာ၊ ထန်းပင်​ချောင်း​ကျေးရွာ၊ မဲရွာ​ကျေးရွာတို့ရှိ​ချောင်းများ ကမ်းပါး​မြေထိန်းရန်အဖြစ် ဗာတီဗာမြက်တို့ စိုက်ပျိုးသွားမှာဖြစ်ကြောင်းနှင့် ဖြန့်ဝေစိုက်ပျိုးမည့် အပင်များကို ရှင်သန်ကြီးထွားစေရန်နှင့် သေပျောက်မှု လျော့ကျစေရေး အတွက် ပျိုးပင်များကို အမြင့် ၂ ပေနှင့်အထက်ရှိမှသာ ဖြန့်ဝေနိုင်စေရန် စီစဉ်ဆောင်ရွက်ထားရှိ ကြောင်းနှင့် ​မြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူဦးဟန်မင်းထွန်းထံမှ သိရှိရသည်။ 

ကျော်မိုး