ကော့ကရိတ်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီး

ကော့ကရိတ် ဇွန်  ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ တောင်သူကြီးများအား  မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို  ကော့ကရိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက  မေ ၂၆ရက် နေ့မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ သိန်းတစ်ထောင်ကျော် ထုတ်ချေးပေးထားပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဒုကြီးကြပ်ရေးမှူး ဦးသန်းမြင့်ထံမှ သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)အုပ်စုမှ တောင်သူဦးရေ (၁၂၃)ဦး၏ လယ်မြေဧက (၈၇၀)ဧက အတွက် ချေးငွေကျပ် (၁၃၀၅.၀၀၀)သိန်းကို ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ယမန်နှစ်အတိုင်း  တစ်နှစ်လျှင် ၅ရာခိုင်နှုန်းသာဖြစ်ကြောင်း၊ စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှင့် အခြားသီးနှံများကို တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးကြောင်း၊ တောင်သူများအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသည့်အခါ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ()မူရင်းကို အပေါင်အနေဖြင့် ပေးထားရကြောင်း၊  ကော့ကရိတ် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၉)အုပ်စု၊ အဖွဲ့အစည်း KNU/ KNLA(PC) မှ တောင်သူဦးရေ (၈၀၇)ဦး၏ လယ်မြေဧက (၆၀၀၈)ဧကအတွက် ချေးငွေကျပ် (၉၀၁၂.၀၀)သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်း၊ အဆိုပါ ချေးငွေထုတ်ချေးရန် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများကိုလည်း စက်တင်ဘာလကုန်အထိ နောက်ဆုံးထား၍ ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ကော့ကရိတ်မြို့မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ခွဲ ဒုကြီးကြပ်ရေးမှူး ဦးသန်းမြင့်၏ ပြောကြား ချက်အရသိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက် )