စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အခြေခံပညာကျောင်းများဖွင့်လှစ် ပညာသင်ကြားနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

စေတုတ္တရာ    ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် စေတုတ္တရာမြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်းများဖွင့်လှစ်ပညာသင်ကြားနေမှု အခြေအနေ များအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့်အဖွဲ့ဝင်များသည်  မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံကာ မိမိတို့အနေဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ ကျောင်းလုံခြုံရေးများ အထူးဂရုစိုက်ဆောင်ရွက်ထားပါကြောင်း၊ ဆရာဆရာမများနှင့်ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားစေလိုကြောင်း၊  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်း များနှင့်အညီ မျက်နှာကာ Face Shield နှင့် နှာခေါင်းစည်းများ တပ်ဆင် ကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင်နေစေပြီး ပညာသင်ကြားကြရန်နှင့် စေတနာမေတ္တာအပြည့်ဖြင့် ပညာသင်ကြား ပေးလျက်ရှိသော ဆရာဆရာမများကိုလည်း ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် ကျောင်းသား ကျောင်းသူများ၏ ပျော်ရွှင်စွာ  ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုကာ အားပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၁၂)ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အထက်တန်းကျောင်းသား၊ကျောင်းသူ (၉၆၁)ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ(၂၇၉၆)ဦးနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူ (၃၉၁၁)ဦး စုစုပေါင်း (၇၆၆၈)ဦးတက်ရောက် ပညာသင်ကြားလျက် ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအားလုံးတွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။   

ခင်သန်းလှိုင်(ပြန်/ဆက်)