လွိုင်ကော် ဇွန် ၁၅
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၁ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဘောလုံးပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် လက်ရွေးစင် အမျိုးသားဘောလုံး အသင်းအား အောင်နိုင် ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကော်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးစိန်ဦးက အမှာစကားပြောကြားရာတွင် အသက် (၂၁)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေပြီဟု ယုံကြည်ပါကြောင်း၊ အားကစားဖြင့် ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အားကစား သမားများအားလုံး မလျှော့သောဇွဲ၊ လုံ့လဝီရိယဖြင့် ပြိုင်လျှင်နိုင်ရမည်ဟု ခိုင်မာသော သန္နိဋ္ဌာန်ပြုပြီး ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ ကယားပြည်နယ် ဘောလုံးအသင်း၏ သမိုင်းကို ပြန်ကြည့်မည်ဆိုပါက အောင်မြင်မှုများရရှိပြီး ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်များကို တွေ့ရမှာဖြစ်ပါကြောင်း၊ ယခုသွားရောက်ယှဉ်ပြိုင်မည့် ဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုများရရှိပြီး ကယား ပြည်နယ်ဂုဏ်ဆောင် မှတ်တမ်းတင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မြင့်ဝေက ပြိုင်ပွဲဝင်အသင်း၏ လေ့ကျင့်ရေး၊ ယှဉ်ပြိုင်ရေးနှင့် အောင်နိုင်ရေးစရိတ်များ ပေးအပ်ချီးမြှင့်ရာ အသင်းအုပ်ချုပ်သူ ဦးယောဟန် နှင့် အသင်းခေါင်းဆောင် ဦးရဲရင့်ဖြိုးတို့က လက်ခံရယူခဲ့သည်။
ယင်းနောက် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးစိန်ဦးက အောင်နိုင်ရေး အလံပေးအပ်ရာ အသင်းအုပ်ချုပ်သူ ဦးယောဟန်နှင့် အသင်းခေါင်းဆောင် ဦးရဲရင့်ဖြိုးတို့က လက်ခံရယူခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကော်စီ အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး