မော်လမြိုင်ကျွန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင်မြင်တော်မူသော စာဖြေသံဃာတော် များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း၊ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာ‌မေးပွဲ နှင့် ပါဠိ ပထမပြန် စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသည့် ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား စူဠဘွဲ့နှင်းသဘင်ဖြင့် ဘွဲ့တံဆိပ်တော်များဆပ်ကပ်ပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့၊ ညနေ ၃ နာရီအချိန်က မြို့နယ် သံဃနာယကရုံးခန်းမ၌ကျင်းပသည်။
အခမ်းအနားအား နမောတသသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဆရာတော် မိုးညို ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသထံမှ သရဏဂုံသီလဆောက် တည်ခံယူကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်မှ သာသနာရေး ဆိုင်ရာများ လျှောက် ထားပြီး ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များဖြစ်သော ဓမ္မာစရိယတန်း ၂၀ ပါး၊ အကြီးတန်း ၁၀ ပါး၊ အလတ်တန်း ၁၃ ပါး၊ အငယ်တန်း ၁၈ ပါး၊ အခြေပြုမူလတန်း ၂၄ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် စာအောင်လက်မှတ်များ၊ လှူဖွယ်ဝတ္ထုအစုစုတို့အားဆပ်ကပ်ပူ‌ဇော်ကြသည်။
ဆက်လက်၍ အဘိဓမ္မာအောင်လူပုဂ္ဂိုလ် ၃၃ ဦးတို့အား စာအောင်ဆုလက်မှတ်များချီးမြင့်ခဲ့ပြီး အကျိုးတော် ဆောင် ဆရာတော်ထံမှတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အားရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံ
စိရံတိရတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသိရသည်။
အောင်အောင်