မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မကွေး ဇွန် ၁၅

မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊တိုင်းဒေသ ကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လယ်ယာမြေနှင့် ဆက်စပ်ပတ်သက်လျက်ရှိသည့်  နိုင်ငံသားအားလုံး လယ်ယာမြေ ဥပဒေ၊နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများကို လက်တွေ့လိုက်နာ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လယ်ယာမြေ ဥပဒေပုဒ်မ  ၁၆၊ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၄၁၊ပုဒ်မခွဲ(ခ)တို့အရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်ကို လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့ အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်ထားရှိပြီး တိုင်းဒေသကြီး လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့များ အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ် လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမြေများကို အိမ်ရာနှင့် အဆောက်အဦဆောက်လုပ်ရန် လွယ်လင့်တကူ ခွင့်ပြုပေးလျက်ရှိ ကြောင်း တွေ့ရှိရသဖြင့် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေးအတွက် ခွင့်ပြုချက်များ ထုတ်ပေးရာတွင် ဒေသဝမ်းစာဖူလုံမှုကိုပါ ထည့်သွင်းဆုံးဖြတ် ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့မှုအပေါ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်သို့ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပေးအပ်ထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ ခရိုင်၊မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ဌာနဆိုင်ရာများမှ မြေလျော်ကြေး၊သီးနှံနစ်နာကြေးပေးလျော်နိုင်ရန် ကိစ္စရပ်များ၊ မြေပိုင်ရှင် တောင်သူတစ်ဦးခြင်းအလိုက် ပိုင်ဆိုင်မှု ခိုင်မာမှု ရှိ/မရှိဆိုင်ရာ ကိစ္စရပ်များ၊လယ်ယာမြေအခြားနည်း အသုံးပြုခွင့် လျှောက်ထားသည့်ကိစ္စရပ်များ၊ မူလရာသီသီးနှံမှ နှစ်ရှည်ပင်အမျိုးအစားသို့ ပြောင်းလဲ စိုက်ပျိုးရန် လျှောက်ထားခြင်းဆိုင်ရာများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပျက်စီး/ ပျောက်ဆုံး လျှောက်ထားလာခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး၊ တင်ပြ ချက်များအပေါ် မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆက်စပ် ပတ်သက်သည့် ဌာန၊ အဖွဲ့အစည်းအားလုံးနှင့် ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)