ဂန့်ဂေါ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဂန့်ဂေါ စာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား (၄၇) ကြိမ်မြောက်အောင် လက်မှတ် များနှင့် လှူဖွယ်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉)နာရီက ဂန့်ဂေါမြို့ သာသနာ့ ဗိမာန် တော်ကြီးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿဘုရားရှိခိုးဖြင့် အခမ်းအနားကိုဖွင့်လှစ်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘုရုားကြီး မြောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လထံမှ ငါးပါးသီလကိုခံယူဆောက်တည်၍ ဩဝါဒကဌာကို နာယူကြသည်။
ဆက်လက်၍ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီး(၁၃)ပါးအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းပြီးနောက် ၂၀၂၀ပြည့်နှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဂန့်ဂေါစာဖြေဌာန၌ ဖြေဆိုအောင်မြင် တော်မူကြသော သံဃာတော်များ စာအောင် ရဟန်း/သာမဏေ/ သီလရှင် စုစုပေါင်း(၂၉)ပါးတို့အား အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုများ ကို ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်မိသားစုများက အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါစာမေးပွဲသို့ ရဟန်း/သာမဏေ/သီလရှင်(၂၉)ပါးဝင်ရောက်ဖြေဆိုခဲ့ရာပထမကြီးတန်းတွင် ရဟန်း (၁၂)ပါး၊ ပထမလတ်တန်းတွင် ရဟန်း(၇)ပါး၊ ပထမငယ်တန်းတွင် ရဟန်း(၉)ပါးနှင့် သီလရှင်(၁)ပါး စုစုပေါင်း (၂၉)ပါးဖြေဆိုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်းနှင့် ဆက်ကပ်လှူဒါန်းပွဲအတွက် ဌာနဆိုင်ရာ များ နှင့် အလှူရှင်များမှ လှူဒါန်းမှုစုစုပေါင်းငွေ ကျပ်(၃၇၅၀၀၀၀/-)ကို လှူဒါန်းကြကြောင်း သိရသည်။
အခမ်းအနားသို့ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်မင်းညိုနှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလွင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
မောင်မျိုးမင်း (ယော)