ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

ကျွန်းစု ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ ဆိုင်ကယ်ပြင်သင်တန်း(၁)လ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (၁၁)နာရီခွဲအချိန်က ကျွန်းစုမြို့နယ်၊ တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာ၊ သာသန ဟိတကာရီ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက အမှာစကား ပြောကြားခဲ့ကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း​ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ဇွန်လ(၁၄)ရက်နေ့မှ ဇူလိုင်လ(၁၄)ရက်နေ့အထိ (၁)လကြာ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသို့ တာရပိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ စိတ်ပါဝင်စားသူ သင်တန်းသား(၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

စည်သူရအောင်