၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီး ဌာနတွင် ပျိုးပင်ပေါင်း (၆၀၂၅၀) ပင် ပျိုးထောင်ထားရှိ 

ငဖဲ   ဇွန် ၁၅ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အပူပိုင်းဒေသ အထူးစိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၁ခုနှစ် မိုးရာသီ တွင် သစ်ပင်များစိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်ရုံးနှင့် ရင်းရှည်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၆၀၂၅၀) ပင်ကို ပျိုးထောင်ထားရှိကြောင်း ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန ဦးစီးမှူးဦးဇော်သင်းထံမှ သိရသည်။ 

ငဖဲမြို့နယ်ရုံးရှိ ပျိုးဥယျာဉ်တွင် လျော်ဖြူ၊ တမာ၊ ကုက္ကိုလ်နှင့် စစ်ပင်စုစုပေါင်း (၃၈၅၀) ပင်နှင့် ရင်းရှည်ပျိုးဥယျာဉ်တွင် ရှားပင်၊ ယူကလစ်၊ စစ်၊ ဝါး၊ မာဒါကိုစ့်၊ လျော်ဖြူပင်၊ စန္ဒကူး၊ ကျွန်း၊ ဖျောက်ဆိပ် ၊ ပိတောက် ၊ယင်းမာ နှင့်ဒဟတ်  စုစုပေါင်း (၅၆၄၀၀) ပင်ကို ပျိုးထောင်ထားရှိသည်။ 

ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ပျိုးပင်ပေါင်း (၆၀၂၅၀) ပင်ကို ရေဝေရေလဲစိုက်ခင်း ဧက (၅၀) နှင့် ကျေးရွာသုံးထင်းစိုက်ခင်းဧက (၃၀) တို့အတွက် ရှားပင် (၃၀၆၅၀)၊ ယူကလစ်(၁၅၀၀၀)၊ စစ်(၅၆၀၀)၊ ဝါး (၁၅၀၀)နှင့် မာဒါကိုစ့် (၄၀၀) ပင်ကို စိုက်ပျိုးလျက်ရှိပြီး မိုးရာသီလူထုလှုပ်ရှားမှုအဖြစ် ဌာနဆိုင်ရာများ၊ ပြည်သူလူထုမှစိုက်ပျိုးရန်နှင့် ကျေးရွာများအထူး စိမ်းလန်းစိုပြည်စေရေး လူထုဖြန့်ဝေရန်အတွက်  လျော်ဖြူပင် (၁၅၀၀)၊ စန္ဒကူး (၅၀၀)၊ ကျွန်း (၁၀၀၀)၊ ဖျောက်ဆိပ် (၃၀၀)၊ ပိတောက် (၂၀၀)၊ ယင်းမာ (၅၀၀) နှင့် ဒဟတ် (၅၀၀) ကို စိုက်ပျိုးနိုင်ရေးအတွက် မိုးရွာသွန်းမှုနှင့် နေရာဒေသ အခြေအနေပေါ် မူတည်၍ စိုက်ပျိုး ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိကြောင်း  သိရသည်။ 

မယု(ငဖဲ)