ရေနံချောင်း ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက် ပျံ့ပွားမှုမရှိစေရေးအတွက် ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင် သွားလာသည့် အလေ့အထများ ဖြစ်စေရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားလာကြရန် ကျန်းမာရေး အသိပညာပေးခြင်း Mask Campain ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ရေနံချောင်းမြို့၊ မြို့မစျေးကြီး၊ ဈေးတွင်း၊ ဈေးပြင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mask Campaign ဆောင်ရွက်ရာတွင် ရေနံချောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိနှင့် မြို့မဈေးကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စျေးအတွင်းရှိစျေးရောင်းသူ၊ စျေးဝယ်လာသူများ၊ လမ်းသွား လမ်းလာပြည်သူများနှင့် ခရီးသွားလာပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေစဉ် ကာလအတွင်း ရောဂါကူးစက် ပျံ့ပွားမှုမဖြစ်စေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း (Mask) အရေအတွက် (၁၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ