ကြို့ပင်ကောက် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်အတွင်းသို့ လိုက်လံ အသိပညာပေး ကြေညာလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၈၈၇၆ ဦး ရှိပြီဖြစ်ကြောင်း ကြို့ပင်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင် လက်ပံတန်းမြို့တွင်လည်း မတ်လမှ ဇွန်လ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၉၀ ဦးအထိရှိလာပြီဖြစ်၍ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အထူးဂရုပြုသွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ပဲလူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်သည့်ထုတ်ပြန်ချက်များ အားလိုက်နာ၍ အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံနိုးဆော် အသိပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ လူမှုရေးအသင်း အဖွဲ့များက နေ့စဉ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)