ဘားအံ ဇွန် ၁၄
ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် ခရီးသွားလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်နိုင်သော အလားအလာ ကောင်းများရှိသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက်ကြောင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးလာစေရန် ကော်မတီအဖွဲ့ဝင်များက အမြဲတမ်းတွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြဖို့လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများရှိနေသေးသည့်အတွက် ခရီးသွားလုပ်ငန်းများအနေဖြင့် အခိုက်အတန့်အားဖြင့် ရပ်တန့်ထား ရသည့်အခြေအနေတွင်ရှိကာ ထိုကာလကို ရင်ဆိုင်ကျော်လွန်ပြီးပါက ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် မိမိတို့ ပြည်နယ်၏ သဘာဝရေမြေတောတောင်အလှအပများအပေါ်မူတည်၍ အဆင့်မြှင့်တင်ထားသည့် ခရီးသွားလုပ်ငန်းကို ခံစားအပန်းဖြေနိုင်စေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသည်နှင့်အမျှ တည်းခိုနေထိုင်ရန် ဟိုတယ်၊ မိုတယ်နှင့်တည်ခိုခန်းများ လိုအပ်လာမည်ဖြစ်ပြီး သင့်တင့်လျောက်ပတ်သည့်အဆင့်အတန်း ရှိဖို့လည်း လိုအပ်လာမည်ဖြစ်ကြောင်း၊ ယခုကာလတွင် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့်လည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို သဘောပေါက်နားလည်ပါကြောင်း၊ ယနေ့တွင် ဟိုတယ်လုပ်ငန်းလိုင်စင်လျှောက်ထား တင်ပြလာမှုနှင့်ပတ်သက်၍ ခွင်ပြုမိန့်ထုတ်ပေးနိုင်ရေး ကောက်မတီ၏ဆုံးဖြတ်ချက်ကို ရယူရန်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းလိုင်စင်များကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်ဖြင့် လွယ်လွယ်ကူကူရယူနိုင်သည့်ပုံစံမျိုးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးရဲထွန်းဦးက အမှာစကားပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ် တာဝန်ခံ ဦးအေးမောင်လှိုင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် (၁/၂၀၂၁)အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုရမည့် ကိစ္စရပ်များအား (Power Point ) အသုံးပြု၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် တည်ခိုခန်းဖွင့်လှစ်ခွင့်ဆိုင်ရာများအား ဆွေးနွေး တင်ပြခဲ့ပြီး ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်နှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ ခရီးသွားကုမ္ပဏီများနှင့်စပ်လျဉ်းသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာများကို အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)