တောင်တွင်းကြီး၌ အခြောက်ထယ်ရေးဖြင့် မိုးစပါးများစတင်ကြဲပက်စိုက်ပျိုး

တောင်တွင်းကြီး  ဇွန် ၁၄

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးများရွာသွန်းပြီဖြစ်၍ မိုးစပါးစိုက်ပျိုးသည့်  တောင်သူများသည် အခြောက်ထယ်ရေးဖြင့် စပါးများကြဲပက်နေကြပြီဖြစ်သည့် တောင်သူများ အနေဖြင့် ထယ်ရေးစတင်ဆောင်ရွက်ချိန်တွင် ထွန်စက်မောင်းခမှာ တစ်ဧကလျှင် ၁၈၀၀၀ကျပ်အထိ မြှင့်တက် သွားခဲ့ပြီး ထယ်ရေးတစ်စပ် ဓါးစပ်ထွန်တစ်စပ် မောင်းကြရသည့်အတွက် တစ်ဧကလျှင် စက်မောင်းခ ငွေကျပ်၃၆၀၀၀ ကန်သင်းပေါက်နေ့စားခမှာတစ်ဦးလျှင် ၆၀၀၀ကျပ်နှုန်းပေးရသဖြင့် လယ်ဧကအနည်း အများအပေါ်မူတည်၍ ကုန်ကျမှုများရှိကာ မိုးစပါးကြဲပက်သူကိုနေ့စားခ ၆၀၀၀ကျပ် ဖြင့် ထပ်မံငှားရ ကြောင်းသိရသည်။

 

စပါးစိုက်ပျိုးသောတောင်သူများအနေဖြင့် သွင်းအားစုကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးအတွက် အခြောက် ထယ်ရေးဖြင့် ကြဲပက်သူတစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီးအားလျော်စွာ စပါးမျိုး စိမ်ခြင်းနှင့် တမန်းလူးခြင်း အစရှိသဖြင့် လုပ်ငန်းများအတွက် ကုန်ကြစရိတ်များကို သက်သာစေမည် ဖြစ်သည်။ မိုးစပါးစိုက်ပျိုးရာတွင် ရက်(၁၂၀)နှင့် ရက် (၉၀) သက်တမ်း စပါးမျိုးများ ပါဝင်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးသန့်စပါးများနှင့် တောင်သူအချင်းချင်း မျိုးစပါးများ လဲလှယ်ခြင်း၊ ဝယ်ယူခြင်းတို့ဆောင်ရွက်ကြပြီး စပါးစျေးနှုန်း ကောင်းမွန်မှသာ တောင်သူများအားလုံး အဆင်ပြေ နိုင်မည်ဖြစ်ကြောင်း သိရသည်။


တောင်တွင်းကြီးမြို့နယ် တွင် မိုးနှမ်း ၇၁၇၇၅ဧက၊ မိုး‌မြေပဲ ၁၅၁၃၀ ဧက၊ မိုးစပါး ၉၈၈၂၁ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

 

နိုင်ဝင်း