ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်နှစ်ခု စတင်ဖွင့်လှစ်ထားရှိ

 

 

 

ဝန်းသို ဇွန် ၁၄

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းအချိန်မှစတင်၍ ဝန်းသို- ကျောက်တန်းမြို့အထွက် ရွှေဝန်းသီတာဂိတ်နှင့် ဝန်းသို-နမ်းခမ်းအထွက် စော်ဘွားကြီး ဂိတ်တို့ကို ပြန်လည်ဖွင့်လှစ်ကာ ခရီးသွားပြည်သူများအား ကျန်းမာရေးစောင့်ကြပ်စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။

 

 

အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ စား​သောက်ဖွယ်ရာများနှင့်  ဂိတ်အတွက် လိုအပ်သည်များကို ပေးအပ်လှူဒါန်းခဲ့သည်။

 

 

မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် (Volunteer) စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများပူးပေါင်း၍ ခရီးသွား ပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ နေရပ်လိပ်စာနှင့် သွားရောက်သည့် ခရီးစဉ်များအား မှတ်တမ်းရေးသွင်းခြင်း  စသည့်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ၂၄နာရီ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)