ဖြူး ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး မြို့မဈေးအတွင်း ဈေးရောင်း ဈေး၀ယ်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး အသိပညာပေးပြီး Mask များ အခမဲ့ ဖြန့်ဝေခြင်းများကို ယနေ့ နံနက်(၇)နာရီအချိန်ကစတင်ကာ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်စောင့်ကြည့်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့မဈေးအတွင်းရှိ ဈေးရောင်းချနေသူများ ဈေး၀ယ်လာသူများအား Mask တပ်နိုင်ရေး၊ အားကစားနှင့်ကျန်းမားရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် အသိပညာပေးပြီး Mask မတပ်ဆင်သူ များအား အခမဲ့ဖြန့်ဝေ ပေးပြီး တပ်ဆင်စေခဲ့ကြောင်း သိရသည်။
ဖြုးမြို့နယ်တွင် ယခုအပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ မိသားစုလိုက် (၄)ဦးရှိနေပြီး တစ်ဦးသေဆုံးခဲ့တာဖြစ်တာကြောင့် ထမ်မံ၍ အထူးကြပ်မတ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်( ဖြူး)