ရေရရှိရေးလုပ်ငန်းနှင့် (VDP)စီမံကိန်းလုပ်ငန်းများကွင်းဆင်းစစ်ဆေး

ဝန်းသို ဇွန် ၁၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ဒေသ သောက်သုံးရေရရှိရေး လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ယမန်နေ့က ကောလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်းသိရသည်။ ဝန်းသိုမြို့နယ် နောင်ကွင်းကျေးရွာနှင့် ကျူတောကျေးရွာတို့တွင် သောက်သုံးရေ ရရှိရေးလုပ်ငန်း လေးလက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို တာဝန်ရှိသူများက စစ်ဆေးရာ နောင်ကွင်းကျေးရွာတွင် အနက်ပေ(၃၀၀)ထိ ရောက်ရှိနေပြီး တူးဖော်ဆဲဖြစ်ကြောင်း၊ ကျူ‌တောကျေးရွာ တွင် အနက်ပေ(၃၀၀) တူးဖော်ပြီးစီး၍ (Cover Pipe) ချပြီး တွင်းဆေးတွင်း မှုတ်ဆောင်ရွက်ပြီးဖြစ် ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆက်လက်ဆောင်ရွက်ရမည့် ရေစက်ရုံနှင့် ဂါလံ(၂၀၀၀)ဆံ့ရေကန်တည် ဆောက်နိုင်ရေး၊ သတ်မှတ်ကာလ အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် အောင်ခန့်ဝင်း ကုမ္ပဏီမှ တာဝန်ရှိ သူများကို ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက် သည့် မှန်ပင်ကျေးရွာ ရွာတွင်းလမ်းများကွန်ကရစ်ခင်းခြင်းလုပ်ငန်း အရှည်ပေ(၁၁၀၀)၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မ ခင်းခြင်းလုပ်ငန်းကိုစစ်ဆေးခဲ့ရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားလုံး ပြီးစီးပြီဖြစ်၍ လမ်းသားပိုမို ခိုင်ခံ့အောင် လမ်းပခုံးဖို့ခြင်းဆောင်ရွက်ပေးရန် ကျေးရွာဖွံ့ဖြိုးရေးကော် မတီတို့ကို ပေါင်းစပ်ညှိနိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။ ကျော်မြိုင်