ဖျာပုံ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေးမြို့နယ်များတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဘိုးဘွားများ၏ လက်ဝယ်အရောက် လိုက်လံ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ ဘိုးဘွားများအား ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်နှင့် အဖွဲ့သည် မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ်အတွက် လက်ဝယ်အရောက် တစ်လလျှင် တစ်ဦးကျပ်တစ်သောင်းနှုန်းဖြင့် ငွေကျပ်(၃၀၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်စုများမှ ဘိုးဘွားများအား ထောက်ပံ့ပေးနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘိုးဘွားများ၏ လက်ဝယ်အရောက် လူမှုရေးပင်စင်များကို ထုတ်ပေးလျက်ရှိသည်။
ယခုထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်များမှာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယ (၃)လပတ်ဖြစ်သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွက်ဖြစ်ပြီး တစ်လလျှင် ငွေကျပ်(၁၀,၀၀၀)နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀,၀၀၀) ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အဘိုး(၃၄၈)ဦး၊ အဘွား(၅၄၄)ဦး၊ စုစုပေါင်း(၈၉၂)ဦး၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ အဘိုး(၃၃၀)ဦး၊ အဘွား(၄၈၈)ဦး စုစုပေါင်း(၈၁၈)ဦး၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အဘိုး(၂၈၂)ဦး၊ အဘွား(၄၈၆)ဦး၊ စုစုပေါင်း(၇၆၈)ဦး၊ ဘိုကလေးမြို့နယ်အတွင်းရှိ အဘိုး(၃၅၆)ဦး၊ အဘွား(၅၆၀)ဦး စုစုပေါင်း(၉၁၆)ဦး ဖျာပုံခရိုင်းအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊အဘွားစုစုပေါင်း(၃၃၉၄)ဦးအား၊ လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေကျပ်သိန်းပေါင်း (တစ်ထောင်တစ်ဆယ့်ရှစ်သိန်းနှစ်သောင်း) ကျပ်တိတိအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ကြကြောင်း ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။
ဖျာပုံခရိုင်(ပြန်/ဆက်)