ထီးလင်း ဇွန် ၁၄
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့မအားကစားကွင်း အပြင်ခြံစည်းရိုး အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “ကျွန်တော်တို့အနေနဲ့ မြို့အင်္ဂါရပ်နဲ့အညီ မြို့မအားကစားကွင်းအစဉ် ဖွံ့ဖြိုးတိုးတက်ဖို့၊ နောက်ပြီး မျိုးဆက်သစ် အားကစားသမား လူငယ်မောင်မယ်တွေ ပြုစုပျိုးထောင် လေ့ကျင့်ပေးတဲ့နေရာမှာ လွတ်လပ် ပျော်ရွှင်စွာကစားနိုင်ကြဖို့အတွက် အခုလို အုတ်တံတိုင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟူ၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါထီးလင်းမြို့ မြို့မအားကစားကွင်း အပြင်ခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ( ၆၀ ဒဿမ ၀၉ )သန်းဖြင့် လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ခြံစည်းရိုးအုတ် တံတိုင်းမှာ အနက် ၂ ပေ၊ အမြင့် ၇ ပေ၊ စုစုပေါင်းအရှည် ပေ ၂၀၀၀ ကျော်ကို ကာရံသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စည်