ဇလွန်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရအဘိဓမ္မာစာမေးပွဲစာအောင် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဇလွန်    ဇွန်     ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အစိုးရပါဋိပထမပြန်စာမေးပွဲ စာအောင် သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရအဘိဓမ္မာ စာမေးပွဲ စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင်  မဟာအတုလ ဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ပထမပြန်စူဠဘွဲ့နှင်းသဘင် နာယကဆရာတော်များ၊ အထူးကြီးကြပ်ဆရာတော်ကြီးများနှင့်ကြီးကြပ်ရေး ဆရာတော်များ၊ စာချဆရာတော်များအား ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်  ပါဠိပထမပြန်စာမေးပွဲတွင်   အောင်မြင်ခဲ့ကြသည့်    ပထမကြီးတန်းအောင် (၉)ပါး၊ ပထမလတ် တန်းအောင် (၁၃)ပါး၊ ပထမငယ်တန်းအောင် (၁၃)ပါး၊ မူလတန်း အောင်(၃၄)ပါး ၊ အဘိဓမ္မာအောင် (ပထမအဆင့်) (၉) ဦး၊ အဘိဓမ္မာအောင်(ဒုတိယအဆင့်) (၈)ဦး၊ အဘိဓမ္မာအောင်(တတိယအဆင့်) (၁)ဦး တို့အား အောင်လက်မှတ်များနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နာယကဆရာတော်ထံမှ သြဝါဒခံယူခြင်းနှင့် ရေစက်ချတရား နာကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်