ဆိပ်ဖြူ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဆိပ်ဖြူမြို့နယ်၏ ဒေသအဓိက ထွက်ကုန်ဖြစ်သည့် ကြက်သွန်နီအခြေခံရည်ညွှန်းဈေး သတ်မှတ်ပြဌာန်းနိုင်ရေး ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊စားသုံးသူရေးရာ ဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ဒေသခံတောင်သူများ ၊စီးပွားရေးလုပ်ငန်းရှင်များနှင့် မိတ်ဆက် စကားများပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက် နေသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆိပ်ဖြူကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးမှတ်ကျော်က ကြိုဆိုနှုတ်ဆက်စကားများပြောကြားပြီး မြို့နယ်ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်တောင်သူများ နှင့် ပြည်တွင်းပြည်ပ ကြက်သွန်နီတင်ပို့ရောင်းချသူများနှင့် မိတ်ဆက်ပေးသည်။ ဆက်လက်၍ဒေသခံတောင်သူများက ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ ၊ဈေးကွက်ရရှိမှုအခြေအနေများကိုလည်းကောင်း ၊ကြက်သွန်နီ တင်ပို့ရောင်းချသည့် လုပ်ငန်းရှင်များက ကြက်သွန်နီ တင်ပို့ရောင်းချသည့် လုပ်ငန်းများကို အသီးသီးတင်ပြကြကာ ကြက်သွန်နီအခြေခံရည်ညွှန်းဈေး သတ်မှတ်ပြဌာန်းနိုင်ရေး အတွက် ဆွေးနွေးတင်ပြခဲ့ကြသည်။ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မှညွှန်ကြားရေးမှူးချုပ် အဖွဲ့သည် တောင်သူစိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီမျိုး နမူနာများနှင့် တင်ပို့ရောင်းချ လျက်ရှိသည့် ကြက်သွန်နီ အမျိုးအစားများကို ကြည်ရှု့လေ့လာခဲ့ကြောင်းသိရသည်။
ကိုဇွဲ ( အညာမြေ)