သနပ်ပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် စာအောင်သံဃာတော်များ စူဠဘွဲ့နှင်းသဘင်ပေးအပ်

သနပ်ပင် ဇွန် ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသရေးဦးစီးဌာနမှ နှစ်စဉ်ကြီးမှူး ကျင်းပသော ၂၀၂၀ ပြည့်နှစ်  (၃၄)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြို့မပရိယတ္တိစာသင်တိုက် ရတနာဃရဝိဟာ ရကျောင်းဆောင်၌‌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး သနပ်ပင်မြို့ နယ် ကွင်းကျောင်းတိုက်မှ ဆရာတော် ဦးသီလစာရထံ၌ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က  သာသနာတော်ထွန်းကာပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ၂၀၂၀ ပြည့်နှစ်    (၃၄)ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာမေးပွဲအောင်မြင်ခဲ့သည့် အလယ်လတ်တန်း(၃)ပါး၊ ပထမငယ် တန်း(၁၁)ပါး၊ အခြေပြုမူလတန်း(၁၂)ပါး စုစုပေါင်း စာအောင်သံဃာ(၂၆) ပါးအား  မြို့နယ်စီမံအုပ်ချုပ်‌ ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့က လှူဖွယ်ဝတ္တုနှင့် အောင်လက်မှတ် များကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ကွင်းကျောင်းဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာတရားတော်များ နာယူပြီး အခမ်းအနားကို  ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ လှုမှု‌ရေးအသင်းအဖွဲ့များ၊ တက်ရောက်ခဲ့သည်။ သနပ်ပင်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း (၁၆၄)ကျောင်း၊  ရဟန်းတော်ပေါင်း(၁၀၁၀)ပါး၊ သာမဏေပေါင်း (၂၈၆)ပါး စုစုပေါင်း(၁၂၉၆) ပါးရှိ ကြောင်း သိရှိရသည်။