ရွှေကျင် ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ညောင်ဝိုင်းတရုတ္တန်းရပ်ကွက် တောင်ပိုင်ဓမ္မရိပ်သာကျောင်း ဓမ္မာရုံတွင် ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က ၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများကို စူဠဘွဲ့နှင်းသဘင် စာအောင်ဆုများ ဆပ်ကပ်ချီးမြှင့်ပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည့် အခမ်းအနားကျင်းပခဲ့သည်။
စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူကာ ရေစက်ချအမျှပေးဝေခြင်း၊ ၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာ ဓမ္မာစရိယ(၁)ပါး၊ အကြီးတန်း(၉)ပါး၊ အလတ်တန်း(၁၂)ပါး၊ အငယ်တန်း(၁၈)ပါး၊ အခြေပြုမူလတန်း(၁၇)ပါး၊ စုစုပေါင်း(၅၇)ပါး တို့အား စာအောင်လက်မှတ်၊ စာအောင်ဆုများ ဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ (၂၀၂၀)ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်းများတွင် ဖြေဆိုအောင်မြင်သော စာအောင်သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးလှမင်းသူ၊ ရွှေကျင်မြို့နယ် စစ်ဗျူဟာအဖွဲ့ အခြေချ(ရွှေကျင်)၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ကျော်ဖုန်းအောင်နှင့် ဌာနဆိုင်ရာများ၊ သာသနာ့ဒါယကာ၊ ဒါယိကာမများမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်