လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

လှိုင်းဘွဲ ဇွန် ၁၃
 
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြို့မဘုန်းတော်ကြီးကျောင်း၌ ဇွန်လ(၇)ရက်နေ့ စတင်ကျင်းပခဲ့ရာ ယနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကျိုးဆောင် ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့များက ကြီးကြပ်ကာ ပထမကြီးတန်းတွင် ရဟန်း(၆)ပါး၊ ပထမလတ်တန်းတွင် ရဟန်း(၆)ပါး၊ သာမဏေ(၅)ပါး၊ ပထမငယ်တန်းတွင် ရဟန်း(၃) ပါး၊သာမဏေ(၁၅)ပါးနှင့် အခြေပြုမူလတန်းတွင် ရဟန်း(၁)ပါး၊ သာမဏေ(၂၂)ပါး၊ သီလရှင်(၃)ပါး စုစုပေါင်း(၆၁)ပါး ဝင်ရောက်ဖြေဆိုခဲ့ ကြောင်း သိရသည်။
စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့်စာဖြေ သံဃာများ အတွက် ဆွမ်း၊ ဝေယျာဝစ္စအဝဝတို့ကို ဌာနဆိုင်ရာများ၊ အလှူရှင် ဒါယကာ၊ ဒါယကာမများက နေ့စဉ်လှူဒါန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။